Saturday, February 2, 2013

လက်ပံတောင်းတောင် အစီရင်ခံစာ ဖေဖော်ဝါရီလကုန် ထုတ်ပြန်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်မည်ဖြစ်
ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုတွင် စစ်မြေပြင်၌ အသုံး
ပြုသော ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပါဝင်သော လက်ပစ်ဗုံးများ အသုံးပြုထားသည် ဟု ယင်းကိစ္စရပ်ကို စုံစမ်း စစ်ဆေးနေသည့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။





မြန်မာ့ရှေ့နေကွန်ရက် နှင့် အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့်မှု ရှေ့နေများက အကြမ်းဖက် ဖြိုခွင်း ခံရသော နယ်မြေအတွင်းရှိ ပစ္စည်းအချို့ကို စုဆောင်း၍ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကဓာတ်ခွဲခန်းသို့ ယူ
ဆောင်စစ်ဆေးရာ အဆိုပါ ပစ္စည်း အပိုင်း အစများတွင် ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပမာဏ များပြားနေ သည်ကို တွေ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ကိုးကား ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီ ဝမ်ပေါင်နှင့် မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့၏ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက် ဆန္ဒဖော်ထုတ် သော မုံရွာ၊ ပခုက္ကူ၊ မန္တလေးတို့မှ သံဃာအပါး ၅၀၀ နှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်တို့ကို ပြီးခဲ့သည့် တန်ဆောင်မုန်း လပြည့် နံနက်စောစော ၂ နာရီခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ရာ သံဃာအပါး ၁၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မီးစုန်းဖြူ လက်နက်များကို ၁၉၁၆ ခုနှစ်တွင် ဗြိတိန်တပ်မတော်က စတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ် အတွင်း ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ အဆိုပါ လက်နက်ကို အပြည်ပြည်ဆိုင်ရာ သဘောတူညီ ချက် အရ တားမြစ်ထားခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုသည် အီရတ် သောင်းကျန်းသူများကို နှိမ် နင်း ရန် ၂၀၀၅ ခုနှစ် နိုဝင်ဘာလအထိ အသုံးပြုခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ မီးစုန်းဖြူ လက်နက်၏ သဘာဝမှာ မီးခိုး အမြောက်အမြားထွက်၍ လေထဲတွင် ပို၍ ပေါက်ကွဲ လောင်ကျွမ်းစေတတ်ပြီး ယင်းဓာတ်ငွေ့ ထိခံရသူ လူ သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ်သို့ လေထိလျှင် ထိသလို ဓာတ်ငွေ့မကုန်မချင်း လောင်ကျွမ်းတတ်သော သဘာဝရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment